ထားဝယ် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။
ဟောပြောပွဲတွင်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က မီးခိုး/မြူငွေ့ဖြစ်ပေါ် လာသည့်အကြောင်း အရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ် နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များလျှော့ချနိုင်မှုနှင့် ကြိုတင် ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များ အကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ က သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးရေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)