ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မြိတ်ခရိုင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မြိတ် စက်တင်ဘာ ၂၅

ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်မြိတ်ခရိုင်ရုံး၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများတွေ့ဆုံပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြိတ်ခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ပြီး မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့်ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံရာတွင် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေက ဌာန၏ ရည်ရွယ်ချက်များနှင့် အဓိကတာဝန်များဖြစ်သည့် ကျေးလက်လမ်း၊ တံတားတိုးတက်ကောင်းမွန်ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်အတွင်းရှိ ဦးစီးအရာရှိ (မြို့ပြ)နှင့် တာဝန်ခံအင်ဂျင်နီယာများက မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနောင်က ဖြည့်စွက်ရှင်းလင်းပြရာ အင်ဂျင်နီယာချုပ် ဦးထွန်းဝေက လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အ‌လေးအနက်ထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် အရည်အသွေးစစ်ဆေးရေး အဖွဲ့ဝင်များ လိုက်ပါလျက် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသော စလွန်းကျေးရွာအဝင်လမ်း အရှည် (၀/၆.၉၂) မိုင် အကျယ် (၁၂) ပေ ကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တောင်ကြီး-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည် (၀/၅) မိုင် အကျယ် (၁၂) ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ စလွန်း-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည် (၀/၄) မိုင် အကျယ် (၁၂) ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းနှင့် မရင်းငယ်ဖျား-ရွှေဒူးလမ်း အရှည် (၀/၂) မိုင် (၁၂) အကျယ် ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)