ပန်းတနော် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါ ကာကွယ်ရေးနှင့်ကူးစက်ပျံ့နှံ့ပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပညာပေးဟောပြော ပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပန်းတနော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ဒေါ်သဲစုခိုင်က ခွေးရူးရောဂါ ကာကွယ်တားဆီးရေးနှင့် ခွေးရူးရောဂါကူးစက်ပျံ့နှံ့ပုံကို ပရိုဂျက်တာများ ရုပ်ပုံပိုစတာများဖြင့် ရှင်းလင်းဟောပြောခြင်း ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဝင်းက မည်သူမဆို ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးလာရောက်၍ ခွေးရူးရောဂါ ကာကွယ်ဆေးမဖြစ် မနေထိုးနှံကြရန်နှင့် ခွေးရူးရောဂါ လက္ခဏာများကို လေ့လာသိရှိထားပြီး ရောဂါကာကွယ်ရန် နည်းလမ်းများအတိုင်း ပြုမူနေထိုင် ကြရန် ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတွင်ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါကာကွယ် တားဆီးရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)