ပန်းတနော် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာ ခန်းမ၌ “ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ” အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးစိုးလတ်က ကလေးသူငယ်၏အဓိပ္ပာယ်အား ရှင်းလင်းခြင်းနှင့် ကလေးသူငယ်သတ်မှတ်သည့် အသက်အရွယ်အားရှင်းလင်းခြင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာအခွင့်အရေးများ၊ မသန်စွမ်းကလေးသူငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနက စောင့်ရှောက်ပံ့ပိုးပေးမှုများ၊ ကလေးသူငယ်နှင့်ပတ်သက်၍ကာကွယ်သည့် ဥပဒေများ၊ ကလေးသူငယ်များ နှိပ်စက်ညှဉ်းပမ်းမှု၊ အဓမ္မစေခိုင်းမှုများ ဖြစ်ပေါ်လာပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိဘနှင့်ကလေးများအကြား ပြုစုစောင့်ရှောက်သင့်သည့် အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)