ပေါင်းတည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးရွှေ ဦးဆောင်သောအဖွဲ့က မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပေါင်းတည်မြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် တောင်လွှဲကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ သဖန်းချိုကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ငွေစာရင်း၊ ဇယားများ စနစ်တကျ သွင်းထားမှု ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းချေးငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချနိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ ဖွံ့ဖြိုးမှုအားနည်းသောကျေးရွာများကို စိစစ်ရွေးချယ်၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မြစိမ်း
ရောင်စီမံကိန်းဝင်ကျေးရွာ စုစုပေါင်း ၄၈ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)