အထက်မင်းလှ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်ရပ်ကွက် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက မြို့ပေါ်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဓာတ်အားလိုင်းကြိုးများ၊ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ၊ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပါက ကိုင်တွယ်ခြင်းမပြုရန်၊ လျှပ်စစ်ရုံးသို့ အကြောင်းကြား ပေးရန်၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုအဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရန်နှင့် သမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရန်စသည့် သတိပြုလိုက်နာဆောင်ရွက်ရန် အချက်များကို ပြည်သူများ လျှပ်စစ်အန္တရာယ် အသိအမြင်ရရှိစေရန်အတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)