တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့်မီးပုံးပျံလွှတ်ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့်မီးပုံးပျံလွှတ်ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့တွင် ရိုးရာအစဉ်အလာ တစ်ခုဖြစ်သော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပပြုလုပ်သည်နှင့်စပ်လျဥ်း၍လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း၊  သပိတ်မျှောပွဲတော်သည် ထားဝယ်ရိုးရာယဉ်ကျေးမှု တစ်ခုလည်းဖြစ်ပြီး ရှေးအစဉ်အလာ ကတည်းကစတင်ပြီး ဆောင်ရွက်ခဲ့ကြသောပွဲတော်တစ်ခုဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် မိုးရာသီကာလကုန်ပါက ထားဝယ်အစဉ်အလာအရ ဘာသာရေးပွဲတော်များ၊ သီတင်းကျွတ်ပွဲတော်၊ သပိတ်မျှောပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များ စသည့်ရိုးရာပွဲတော်များ ပြုလုပ်လျက်ရှိကြောင်း၊ ထားဝယ်ရိုးရာသပိတ်မျှော ပွဲတော်သည် သီတင်းကျွတ်ကာလနှင့်ဆက်သော ပွဲတော်လည်းဖြစ်ကြောင်း၊ ယခင်က သီတင်းကျွတ် ကာလတွင် ရပ်ကွက်အလိုက် အိမ်နှင့်လမ်းများတွင် ရောင်စုံမီးများထွန်းညှိလျက်ရှိကာ ဒေသခံများက ဆိုင်ကယ်၊ ကား၊ စက်ဘီးများဖြင့် မြို့အနှံ့လျှောက်လည်ကြသည်ကိုတွေ့ရှိရပြီး သပိတ်မျှောပွဲတော်၌ ဇာတ်သဘင်ပွဲများဖြင့် ညလုံးပေါက်စည်ကားလျက်ရှိကြောင်း၊ ယခင်က ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကိုရိုးရာအစဉ်အလာဖြစ်မြောက်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်ပေးခဲ့ပြီး ထားဝယ်ဒေသ၏ ပွဲတော်ဖြစ်သောကြောင့် ယခုအခါ ထားဝယ်သူ/ထားဝယ်သားများ ဦးဆောင်ပြုလုပ်သော ပွဲတော်ဖြစ်စေလိုကြောင်း၊ မည်သည့်အစိုးရ ဖြစ်စေကာမှု ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် ရိုးရာအစဉ်အလာမပျက် တည်ရှိနေရမည်ဖြစ်ကြောင်း၊ ပွဲတော်အားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုမရှိပါက လူမျိုးပါ ပျောက်ကွယ်သွားနိုင်ကြောင်း၊ လူတိုင်းတွင် စိတ်ခွန်အားဖြစ်စေသည့် စိတ်အပမ်းဖြေစေသော ပွဲတော်များရှိသင့်ကြောင်း၊ အလားတူပင် သပိတ်မျှောပွဲတော်သည် ကုသိုလ်ရေးလည်းဖြစ်ကာ ရိုးရာပွဲတော်လည်းဖြစ်ပြီး မြို့သူ/မြို့သားများအားလုံးက စိတ်ဝင်စားသောပွဲတော်ဖြစ်ကြောင်း၊ သီတင်းကျွတ်ကာလ၌ တစ်နှစ်မှ တစ်ခါပြုလုပ်သော ရိုးရာပွဲတော်ဖြစ်သည့်အတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းပြီး လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက ထားဝယ်ရိုးရာ သပိတ်မျှောပွဲနှင့်မီးပုံးပျံ လွှတ်ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးအတွက်ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ထားဝယ်သူ/ထားဝယ်သားများဦးဆောင်သော ကော်မတီဝင်များက ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့်မီးပုံးပျံလွှတ်ပွဲတော် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)