ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က-မြင်းကဆိပ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန်ကြီးထောင့် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မြင်းကဆိပ်တိုက်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြင်းကဆိပ်) ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိ တတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်အေးချမ်းသူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အ.ထ.က- မြင်းကဆိပ်ရှိ Grade-11 နှင့် Grade-10မှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသားနှင့်ယဉ်ကျေးမှု၊ ကျောင်းသားနှင့် ရိုင်းပင်းကူညီစိတ်၊ ကျောင်းသားနှင့် စာပေလေ့လာမှုစသည့်အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားအားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)