ဟင်္သာတ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈) ဘီလီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ၌ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ခရိုင်အဆင့်အတွင်းရေးမှူး ဦးကျော်ခိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ထပ်ဆင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာယုနန္ဒာအောင်က မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍချေးငွေအား ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုးနှင့် ဝန်ထမ်းများ၊ မွေးမြူရေး ချေးငွေထုတ်ယူသူများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အတွင်းရှိ မျိုးဝက်မ မွေးမြူသူများ၊ အသားတိုးဝက်မွေးမြူသူများ၊ နို့စားနွားမွေးမြူသူများ၊ ဆိတ်မွေးမြူသူများ စုစုပေါင်း ၈၇ ဦးတို့အား တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံမှ မွေးမြူရေးကဏ္ဍချေးငွေ ကျပ် (၁၇၄၀ ) သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)