ဟင်္သာတမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံလျက်ရှိ

ဟင်္သာတ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကင်းရပ်ကွက်ရှိ အ..က(၂၀)ကျောင်း၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၅၂) ကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ် မကျော်သော ကျောင်းသား/သူ (၄၆၈၀) ဦးအား ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးများကိုလည်းကောင်း အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူ(၂၃၇၀)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံမှုများကို ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ပညာရေးဌာနတာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင် ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သော ပံ့ပိုးကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)