မကွေး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဘုရားပွဲတော်ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူဦးဆောင်၍ မြို့နယ်အဆင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြသလွန်ဘုရားဂေါပကအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘုရားပွဲတော်နှင့် ဆက်စပ်လျက်ရှိသော သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ ထိစပ်နယ်မြေများဖြစ်သည့် သိင်္ဂါရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ နံကပ်ကျွန်းအုပ်စု (သာယာကုန်းရပ်၊ သရက်ပင်ရပ်၊ ကျွန်းစုရပ်)တို့ကို လျှပ်စစ်မီးနှင့် အခြားမီးများအား သွယ်တန်းအသုံးပြုမှု စနစ်တကျ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ ရေရရှိရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ကောင်း၊ မကောင်းစစ်ဆေးခြင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ အမှိုက်များ ရှင်းလင်းစေခြင်း စသည်တို့ကို မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုဆောင်ရွက်ကြောင်း သိရသည်။
မောင်ခိုင်းမင်း (ပြန်/ဆက်)