ပွင့်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ဇွန်လမှ စတင် စိုက်ပျိုးခဲ့ရာ ယနေ့တွင် လျာထားချက်စိုက်ဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲစင်းငုံ ဧက ၅၉၁၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ ဒီနေ့မှာ ၆၆၁၁ ဧကထိ စိုက်ပျိုးနိုင်ခဲ့လို့ လျာထားချက်ဧကထက် ပိုပြီးစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲစင်းငုံသီးနှံ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို အထွက်နှုန်းကောင်းအောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်တွေ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း ရေးနည်းစနစ်တွေကို ဆောင်ရွက်ပေးထားပါတယ်။ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးကြသလို သီးထပ် သီးညှပ်အနေနဲ့လဲ စိုက်ပျိုးကြပါတယ်။ ပဲစင်းငုံသီးနှံအပါအဝင် မိုးသီးနှံစိုက်ပျိုးမှုအနေနဲ့ အားလုံးစိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အထွက်နှုန်းများ ကောင်းမွန်ရေးတို့အတွက် ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပဲစင်းငုံကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ပဲစင်းငုံကို ဒေသမရွေး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )