ပွင့်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာများအကြောင်းကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးအလုပ်သမားပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)