မင်းဘူး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ “ရာဂါဆာ” မုန်တိုင်းအရှိန်ကြောင့် ယခုရက်ပိုင်း နေ့စဉ်မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေနှင့် မန်းချောင်ရေများ စီးဆင်းဝင်ရောက်မှုများကြောင့် စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ နေ့စဉ်မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများက ဆားပွက်ချောင်းနှင့် မန်းချောင်းအတွင်း စီးဆင်းဝင်ရောက်မှုကြောင့် မြို့နယ်အတွင်း ရုတ်တရက်ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားကာ မုန်တောင်၊ ဆင်လမ်းကြီး၊ ရေတွင်းကုန်းရေမျက်နှင့် ကျောက်တန်းကျေးရွာများတွင် ချောင်းရေ ၅ ပေခန့် ဝင်ရောက်ခဲ့ကြောင်း၊ အလားတူ မန်းချောင်းရေ တိုးမြင့်ဝင်ရောက်မှုများကြောင်း မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်ရေ ၁ ပေခွဲခန့်နှင့် စကုမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မင်းဘူး-စကုကားလမ်းရှိ (သားမွေးချောင်း) နွားကူးရိုးတို့တွင် ချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း၊ ထို့အပြင် ကမ်းပါးပြိုကျမှုကြောင့် အ.ထ.က(ခွဲ) မကျီးသုံးပင်၏ ကျောင်းခြံစည်းရိုးနှင့် နှစ်လုံးတွဲ အိမ်သာတစ်လုံးပျက်စီးခဲ့ပြီး၊ ဆားပွက်ချောင်း ကမ်းပါးပြိုကျမှုကြောင့် ချောင်းဖြူကျေးရွာတွင် လူနေအိမ်(၄)လုံး ကြိုတင်ပြောင့်ရွှေ့ခဲ့ရကြောင်း၊ အဆိုပါ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံများက ရေဘေးလွတ်ရာနေရာများသို့ ဝိုင်းဝန်းကူညီပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက တောင်ကျချောင်းရေများသည် မြေနိမ့်ပိုင်းဒေသအချို့တွင် ရုတ်တရက်ဖြတ်သန်းစီးဆင်းဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက် ယနေ့နံနက်ပိုင်းတွင် တောင်ကျရေများ ပြန်လည်ကျဆင်းသွားပြီးဖြစ်ကာအဆိုပါရေများသည် ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ ယခုရက်ပိုင်း မိုးများ အဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထံမံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် ဆားပွက်ချောင်းနှင့် မန်းချောင်းအောက်ပိုင်းတစ်လျှောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ရေဘေးကြောင့် ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေအား စာရင်းများကောက်ယူလျက်ရှိပြီး လူနေအိမ်ပြောင်ရွှေ့ခဲ့ရသည့် ရေဘေးသင့် အိမ်ထောင်စုများအတွက် လိုအပ်သောပံ့ပိုးကူညီမှုများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)