ပေါင်းတည် စက်တင်ဘာ ၂၄
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် ခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်စု ၁၅ အုပ်စုမှ စပါး၊ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများ၊ စိုက်ပျိုး ရေးဆေးအရောင်းကိုယ်စားလှယ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ တောင်သူများ၊ စိုက်ပျိုးရေးသွင်းအားစုရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေးထွက်ကုန်များအားကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချနိုင်မည်ဖြစ်ကာ အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးမင်းက ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပိုးသတ်ဆေးများအကြောင်းကို ပရိုဂျက်တာနှင့်တကွ အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာမာက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်တိုင်းအထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အင်းဆက်ဖျက်ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံရောဂါများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံဖျက်ပေါင်းပင်များအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျအသုံးပြုနည်းများနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲရေးအကြောင်းများကို ပရိုဂျက်ဖြင့်ဟောပြော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပေါင်းတည် (ပြန်/ဆက်)