စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

မုံရွာ စက်တင်ဘာ ၂၄

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်ခဲ့သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းသည် ယခုခေတ်လူအများ စိတ်ဝင်စားပြီး တစ်ပိုင်တစ်နိုင်ဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေးနှင့် လူငယ်များအားအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ Fitness Dance သင်တန်းအား တက်ရောက်ခဲ့သည့် သင်တန်းသူများအနေဖြင့် လည်း Fitness Dance အားကစားနည်းများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ကစားကွက်များအား သဘောပေါက်နားလည်ပြီး ယခုသင်တန်းမှရရှိခဲ့သည့် အသိပညာဗဟုသုတများအား သင်တန်းတွင်မထားခဲ့ဘဲလက်တွေ့နယ်ပယ်ဖြစ်သည့် မိမိမိသားစု၊ မိမိရုံး၊ မိမိပတ်ဝန်းကျင်၊ မိမိမြို့နယ်၊ လူထုလှုပ်ရှားမှုများအထိ အသုံးချနိုင်ရန် အမြဲတမ်းလေ့ကျင့် လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာမူဝါဒတစ်ရပ်ဖြစ်သည့် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”အား ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာမထံ ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၅ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကမှ တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်အသင်းအား စားစရိတ်ငွေ ၄၇,၁၇,၅၀၀ (လေးဆယ်ခုနှစ်သိန်းတစ်သောင်းခုနှစ်ထောင်ငါးရာ) ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်း သား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သင်တန်းသူများ၊ လက်ထောက်သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အေရိုးဗစ်အသင်းများမှ Fitness Dance ၊ ယပ်တောင်အက နှင့်အေရိုးဗစ်အက များဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုခဲ့ကြပြီး ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းမှ သင်တန်းသား/သင်တန်းသူများ၏ လက်တွေ့သရုပ်ပြပြုလုပ်နေမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။      

တိုင်းဒေသကြီး(ပြန်/ဆက်)