တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေ

တောင်တွင်းကြီး စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများနှင့် တဆင့်ခံပြန်လည်ရောင်းချသူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

“တောင်တွင်းကြီးမြို့နယ်မှာဆိုရင် ငရုတ်သီးစိမ်းအများဆုံးထွက်တာကတော့ ငမင်၊ ကုက္ကိုခွ၊ စည်ပင်သာ၊ ကျောင်းကုန်း၊ ပုဂံကုန်း၊ ဘိုကုန်း၊ သဖန်းကုန်းကျေးရွာတွေက အများဆုံးစိုက်ပျိုးကြပါတယ်။ ရွာတွေကငရုတ်စိုက်တောင်သူတွေဆီကို တိုက်ရိုက်ဆင်းဝယ်ယူပြီး မြို့မစျေးကြီးနဲ့ ဒက္ခိဏစျေးတွေမှာ ပြန်လည်ရောင်းချပါတယ်။ ဖောက်သည်ယူမယ်ဆိုရင် ငရုတ်ပွက တစ်ပိဿာ ၁၂၀၀ ကျပ်၊ ကျောက်စိမ်းငရုတ်နဲ့ မယ်ညိုငရုတ်ကတော့ တစ်ပိဿာ ၁၈၀၀ ကျပ် ပေးဝယ်ရပြီး ငရုတ်သီးစျေးနှုန်းက အမျိုးမျိုးရှိပါတယ်။ လက်လီဈေးဆိုရင် ငရုတ်ပွတစ်ပိဿာကို ၁၅၀၀ ကျပ်၊ ကျောက်စိမ်းငရုတ်နဲ့ မယ်ညိုငရုတ်ဆိုရင် တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ တဆင့်ပြန်လည်ရောင်းချပြီး အခုအချိန်မှာတော့ အခါကြီးရက်ကြီးရောက်တော့မယ့် အချိန်ဖြစ်တဲ့အတွက် အရောင်းအဝယ်လည်း သွက်ပါတယ်” ဟု ငရုတ်သီးစိမ်းတဆင့်ခံ ပြန်လည်ရောင်းချသူထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ကာ ငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးပင်များကို သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ ငရုတ်သီးစိမ်းများကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသူများနှင့် တစ်ဆင့်ခံဝယ်ယူ၍ ပြန်လည်ရောင်းချသူများလည်း ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)