မော်လမြိုင်ကျွန်းမြို့ပေါ်ရှိဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန် ကြပ်မတ်စစ်ဆေး

မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတို့က ဆေးဆိုင်များတွင် ပြည်သူလူထုဘေးအန္တရာယ်ဖြစ်စေနိုင်သော သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြန့်ဖြူးရောင်းချနေမှု ရှိ၊ မရှိ ရှာဖွေစစ်ဆေးပြီးနောက် ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးပစ္စည်းများ ရောင်းချရာတွင် ပြည်သူ လူထုဘေးအန္တရာယ်မဖြစ်စေရေးအတွက် တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့် သက်တမ်းလွန်နေသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Dumex Dupro Brand အတုများ ရောင်းချမှု ရှိ/ မရှိ၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးပစ္စည်းများ၌ ကုန်အညွှန်း တံဆိပ်ပါ/မပါ၊ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များကို ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များက အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင်