သနပ်ပင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်) ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ချီးမြှင့်သည်။
ဦးစွာ သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)ရှိ ဇီဇဝါခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေးမြှင့်တင်ရန်လိုအပ်သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတတ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ Online မီဒီယာများတွင် စာဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသဖြင့် မိမိတို့ဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုကြောင်း၊ စာအုပ်စာပေဖတ်ရှုမှုသည် မိမိတို့ဘဝကို အကျိုးပြုနိုင်သည့်အတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေနိုင်မည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ယနေ့ပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ရည်ရွယ်ချက်ရှိစွာနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအားလုံးက အလေးထားဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းပြီး အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာမ အမျိုးသားစာပေဆုရှင် ဝတ်ရည်ခင်(ပဲခူး)နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ပေးသည့် ကျောင်းသား၊ ကျောင်းသူများအားတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်း ကျောင်း(သနပ်ပင်)၌ ကျင်းပလျက်ရှိသော ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများ၊ ကလေးစာဖတ်ခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ကျောင်းစာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)