ရေဖြူ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရန် မြို့နယ်သစ်တောဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဖြူမြို့မရပ်ကွက်အတွင်း စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်သစ်တောဉီးစီးဌာနမှ ဦးစီးအရာရှိကိုယ်စား တောအုပ်ကြီး ဦးကန်းခန့်မိုး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကျော်ဖြိုး၊ (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်တို့က ရေဖြူမြို့ (က)၊ (ခ)ရပ်ကွက်များတွင် ထင်းနှင့်မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရေးနည်းလမ်းများကို ကွင်းဆင်းဆွေးနွေးခဲ့ကြပြီး တစ်အိမ်တက်အိမ်ဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ရေဖြူမြို့နယ်သည် ထင်းနှင့်မီးသွေးကို အများဆုံး အသုံးပြုချက်ပြုတ်ကြသဖြင့် သုံးစွဲမှုလျှော့ချနိုင်ရန်နှင့် လောင်စာအစားထိုးအသုံးပြုရေး နည်းလမ်းရှာဖွေဖော်ထုတ်နိုင်ရန် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)