မုံရွာ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လုံးဝကင်းစင်သွားစေရန် ရည်ရွယ်ကာ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်က မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် လူနှင့်တိရစ္ဆာန်များတွင် သေဆုံးမှုမရှိစေရေးမျှော်မှန်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွေးရူးရောဂါသည် တိရစ္ဆာန် ကနေ လူကိုကူးစက်စေတဲ့ရောဂါတစ်ခုဖြစ်ပါကြောင်း၊ ဗိုင်းရပ်ကြောင့်ဖြစ်ပွားပြီး ဦးနှောက်ကို ထိခိုက်ရောင်ရမ်းစေတတ်၍ ရူးသွပ်စေတဲ့ရောဂါဖြစ်ပါကြောင်း၊ ခွေးရူးရောဂါဖြစ်ပွားရင် ဆေးကုလို့မရပဲ သေဆုံးလေ့ရှိတဲ့ရောဂါဖြစ်ကြောင်း၊ ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ဆေး ထိုးပြီး ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်တဲ့ရောဂါဖြစ်ပါကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၂၈)ရက်နေ့သည် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျတ်ရေးနေ့ဖြစ်ပါကြောင်း၊ ခွေးရူးရောဂါသည် ခွေးမှလူသို့ ခွေးကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ရောဂါ ဖြစ်ကြောင်း၊ ခွေးရူးကိုက်ခံရသော လူတစ်ဦးသည် အချိန်မီ ခွေးရူးကာကွယ်ဆေး မထိုးနှံနိုင်ပါက ၁၀၀% သေဆုံးနိုင်ပါကြောင်း၊ ခွေးရူးရောဂါသည် ခွေး၊ မြေခွေး၊ ခွေးအတို့တွင် အများဆုံးဖြစ် ပွားလေ့ရှိပြီးကြောင်၊ ကြောင်ကတိုး၊ တောကြောင်နှင့် လင်းနို့များတို့တွင်လည်း ဖြစ်ပွားလေ့ ရှိကြောင်း၊ Zoonotic disease (တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါ)ထဲတွင် ပါဝင်ပြီး ကမ္ဘာတွင် တစ်နှစ်ကို လူဦးရေ (၅၉၀၀၀)ဦး သေဆုံးသဖြင့် အရေးကြီးသော
ရောဂါတစ်ခုဖြစ်ကြောင်းနှင့် ယခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး နေ့တွင် ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန် လက်တွဲပေး ဆောင်ပုဒ်နှင်အညီအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး မုံရွာခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာအေး က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မုံရွာမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအိအိအောင်က ခွေးရူးရောဂါ အန္တရာယ် အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲသည်၊၊
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးတက်ရောက်ကြပြီး ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါပညာပေးဟောပြောပွဲများ၊ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ မွန်းလွဲ တစ်နာရီတွင် မုံရွာမြို့နန္ဒဝန်ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာတွင် စုရပ်ထားရှိပြီး ခွေး၊ ကြောင်များကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)