လပွတ္တာ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းမှ မဲပေးစက်နှင့်ပတ်သက်သည့် ကိစ္စရပ်များရှင်းလင်းဆွေးနွေးခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခြင်း၊ မဲစာရင်းမှန်ကန်မှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခြင်း၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြလျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း