ငဖဲ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဒေါက်တာခင်မောင်ညိုရေးသားသော “ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ်အန္တရာယ်များ”စာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က သုတရသစာအုပ်စာပေများဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ်အန္တရာယ်များစာအုပ်ပါ လူသားများနှင့်သဘာဝတရားကြောင့် လေထုညစ်ညမ်းမှုများများစွာဖြစ်ပေါ်နေကြောင်း၊ PM 2.5 သည် လေထုညစ်ညမ်းမှုတွင် အန္တရာယ်အများဆုံးဖြစ်ပြီး ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်းနှင့် ပလတ်စတစ်ကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မခြူးခြူးက ပလတ်စတစ်အညစ်အကြေးများသည် ဆေးဘက်ဆိုင်ရာကိရိယာများနှင့်ရောနှော၍ လူအများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်း၊ မိုက်ခရိုပလတ်စတစ်များသည် လူသားများစားသုံးသည့် ရေနှင့်အစားအသောက်တွေထဲတွင်ပါဝင်လာနိုင်ပြီး ရောဂါဖြစ်စေနိုင်၍ ပလတ်စတစ်အသုံးပြုမှု သိသာစွာလျှော့ချရန်လိုအပ်ကြောင်း ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက ငလျင်ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)