ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းဝင် စာရေးဆရာများဖြစ်သော ဇေယျာပိုင်ရွှေနှင့် ကိုဆွေ(ဆင်ချောင်း)တို့က စာရေးဆရာမနတ်နွယ် ရေးသားထုတ်ဝေထားသော “မြန်မာပြည်မြောက်ပိုင်း” စာအုပ်နှင့်ပတ်သက်ပြီး ကဏ္ဍအလိုက်ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသည့်ပြည်သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)