ချောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီ များကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်၊ ဆီ ရောင်းချသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်များရောင်းချရာတွင် အခြားအမျိုးမတူဆန်များနှင့် ရောနှောရောင်းချခြင်း၊ ဆီများကိုရောင်းချရာတွင် အခြားအမျိုးမတူဆီများနှင့် ရောနှောရောင်းချခြင်း မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ စားသောက်ကုန်ရောင်းချသော ဆိုင်ရှင်များကိုလည်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)