ငါးသိုင်းချောင်း စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များလျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်၇နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အပတ်စဥ် ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ မသုံးစွဲရေး အသိပညာပေးလုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးအောင်ဇေယျ၏ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများကဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဥ်တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူ စသည့်သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်သူများပါဝင် ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနှိုးဆော်ပြီး လိုက်လံစီစစ်ကြပ်မတ်၍ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် အသုံးပြုသူတွေ့ရှိပါက စီမံဒဏ်ကြေးငွေပေးဆောင်စေလျက် အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)