မင်းဘူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး စက်တင်ဘာ ၂၄        

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၄)သီရိမင်္ဂလာအခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးလှတိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် လူငယ်ရေးရာအခန်းကဏ္ဍအားဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုသန့်က လူသားများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးခုမျှတစွာ နေထိုင်ကြရခြင်း၊ ထို့အပြင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဟူသော ဓာတ်ကြီးလေးပါးမျှတနေသမျှစွာနေထိုင်ရခြင်း၊ တိုင်းရင်းဆေးပညာ၏ အခြေခံသဘောတရားများဖြစ်သည့် ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် အရသာခြောက်ပါးကို ညီညွတ်မျှတစွာ စားသုံးပေးခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ခြင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားကဏ္ဍများ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ထိန်းသိမ်းရေးတို့ကို အသိပညာပေးဟောပြောကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်ပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

၅၀၄