မြဝတီ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သည် မိုးရေချိန်နည်းပါးပြီး တောင်ကုန်းနှင့် တောင်ယာများ များပြားသည့် မြို့ဖြစ်သဖြင့် စပါးစိုက်ပျိုးမှုနည်းပါး၍ တစ်မြို့နယ်လုံးတွင် စပါးစိုက်ပျိုးမှုမှာ ဧက (၁) သောင်းဝန်းကျင်ခန့်သာရှိပြီး တောင်ယာလုပ်ကိုင်သူအများစုမှာ မိုးရာသီအစေ့ထုတ်ပြောင်းကို စီးပွားဖြစ်စိုက်ပျိုးကြသည်။
မြဝတီမြို့၌ မိုးရာသီတွင် မိုးအစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးလျက်ရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းအစေ့ထုတ်ပြောင်း စိုက်ပျိုးကြသည်။ နွေရာသီတွင် နွေစပါး စိုက်ပျိုးမှုနည်းပါးပြီး ဆောင်းပဲတီစိမ်းအနည်းငယ် စိုက်ပျိုးကြောင်း သိရှိရသည်။ မိုးအစေ့ထုတ်ပြောင်းကို မေလနှင့် ဇွန်လများ၌ စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလ ပထမအပတ်၌ ပြောင်းပင်တွေကို အဖျားချိုးကာ ပြောင်းပင်များကြား၌ ပဲတီစိမ်းများကို ထည့်ပြီးသီးထပ်စိုက်ပျိုးခြင်းအားဖြင့် မြေယာထွန်းယက်ခြင်းမလိုဘဲ တောင်သူများကုန်ကျစရိတ်သက်သာ၍ ဝင်ငွေရရှိကြသည်။
ဝင်ငွေရရှိသည့် မိုးအစေ့ထုတ် ပြောင်းနှင့် မိုးပဲတီစိမ်းသီးထပ်စိုက်ပျိုးခြင်းကို မြဝတီမြို့နယ်တွင် စိုက်ပျိုးမှုဧက (၅)သောင်း ကျော်ရှိသည့်အနက် သတ်မှတ်ထားသည့် ပန်းတိုင်ထွက်နှုန်း (၈၅) တင်း သတ်မှတ်ရာ (၈၉) တင်းထိ ထွက်ရှိသည့်အတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီ၍ သီးထပ်စိုက်ပျိုးသည့် ပဲတီစိမ်းဧက (၅) သောင်းကျော်တွင် သတ်မှတ်ပန်းတိုင် (၁) ဧက တင်း (၂၀) ထွက်ရှိနိုင်ရန်နှင့် သတ်မှတ်ပန်းတိုင်ပြည့်မီရန် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကို မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေထံမှ သိရသည်။
ဆောင်းနှင်းဖြူ (ပြန့်/ဆက်)