ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရေကြည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်၊ ဆီများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ အားပေးစကားများပြောကြားခဲ့ပြီး ပင်စင်လစာများ ထုတ်ပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးသိုလှောင်ခန်း၊ ခွဲစိပ်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာ၊ နည်းပညာသတင်းအချက်အလက်စင်တာရှိ Smart Village Website တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အသိပညာနှင့်နေ့စဉ်စပါးဈေးနှုန်းများ၊ သတင်းအချက်အလက်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆောင်ရွက်သည့်တောင်သူများ ကြည့်ရှုလေ့လာနေမှုကို ကြည်ရှုခဲ့ပြီး၊ ဘက်စုံသုံးခန်းမတည်ဆောက် ပြီးစီးမှုအခြေအနေနှင့် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုခဲ့သည်။

ယင်းနောက် ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးကာ ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ သပြေကွင်းကျေးရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းRural Business Fund (RBF)ဖြင့် ဆောင်ရွက်သည့် တောင်သူဦးစောဝင်း၏ (၂) ဧက နနွင်းစိုက်ခင်းအားကြည့်ရှုခဲ့ပြီး တောင်သူဦးကျော်ဆွေ၏ စိုက်ဧက(၂)ဧကတွင် မြေပြန့် ရိုဗက်စတာ ကော်ဖီစိုက်ပျိုးထားမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတုကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)