ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံပွဲကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှမိုးနှင့်အဖွဲ့ဝင်များ၊   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးသီဟန်စီနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ တက်ရောက်ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲပေးစက်များ စနစ်တကျ သယ်ယူကိုင်တွယ်စေရေး၊ ပထမအကြိမ် မဲစာရင်းကြေငြာခြင်းလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့်လမ်းညွှန်မှုများ မှာကြားဆွေးနွေးသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသီဟန်စီက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများကလည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ၊ သိလိုသည်များအား အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)