ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန်အစာ ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန် အစာပင်ဧက ၇၁၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွားတိရစ္ဆာန်အစာပင် ၅၄၄၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးထားသော ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းများကို ဒေသခံတောင်သူများက ဩဂုတ်လ တတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧက ၇၁၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ကျွဲနွားတိရစ္ဆာန်အစာ ၂၃၄၀ ထုန်း ထွက်ရှိကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ မိုးသီးနှံစိုက်ပျိုးရာသီက ကျွဲနွားတိရစ္ဆာန်အစာပင် ၅၄၄၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။  အဓိကစိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာတွေကတော့ နှံစားပြောင်း၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို စိုက်ပျိုးကြပါတယ်။ အဲဒီစိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းတွေကို ဒေသခံတောင်သူတွေက ယခုနှစ်ဩဂုတ်လလောက်ကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့မှာဧက ၇၁၀ အထိ ရိတ်သိမ်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ ကျွဲနွားတိရစ္ဆာန်အစာပင် ရိတ်သိမ်းတာနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေမဖြစ်စေဖို့ အချိန်မီရိတ်သိမ်းနိုင်အောင်လိုအပ်တဲ့ ရိတ်သိမ်းနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ ကျွဲနွားတိရစ္ဆာန်အစာ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျွဲနွားတိရစ္ဆာန်အစာ စိုက်ခင်းများအထွက်နှုန်း ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သွင်းအားစုများ စနစ်တကျ သုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်များတွင် မိမိတို့ မွေးမြူထားသော ကျွဲနွားတိစ္ဆာန်များအတွက် အစာရှားပါးမှုမဖြစ်စေဖို့နဲ့ တစ်ပိုင်တစ်နိုင် ကျွဲနွားတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို စနစ်တကျအသုံးချပြီး နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို အားထားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)