မအူပင်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

မအူပင် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေး ကောက်ပွဲဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေးပွဲအား ယနေ့နံနက် (၉)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းမှ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)