ငဖဲ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade- 6 ကျောင်းသား/သူ (၃၅)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ သိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရေး သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများတွင်တွေ့ရသော လူကုန်ကူးမှုပုံစံများ၊ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” နှင့် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက် ၄ ရပ်အကြောင်းကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းမေးမြန်း၍ ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူ(၂)ဦးကို လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော လစဉ်ထုတ်တေဇ၊ ရုပ်ပြ၊ ပုံပြင်၊ မဂ္ဂဇင်းစာအုပ်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)