ကျိုက်လတ် စက်တင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ မြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးသည့်စနစ်အား မဲဆန္ဒရှင်ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအား လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေးနှင့် MEVM မဲပေးစက်အသုံးပြုခြင်းသည် မှန်ကန်ပြည့်စုံမှုရှိသည့် ရိုးရှင်းပြီး စနစ်ကျသော မဲပေးသည့်စနစ်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)