မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အ.ထ.က(ခွဲ)ကန်သာတွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ချက်ပြုတ်ကျွေးမွေးခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး စက်တင်ဘာ ၂၄

ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပြီး၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အ.ထ.က(ခွဲ)ကန်သာ၌ပြုလုပ်ရာ အာဟာရချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများသွားရောက်၍ ကြည့်ရှုအားပေးသည်။

အဆိုပါကျောင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကလေးငယ်များ အာဟာရပြည့်ဝမျှတဖို့က အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပြီး၊ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ပညာထူးချွန်ရန်၊ ကိုယ်ခံအားကောင်းပြီး ကူးစက်ရောဂါပိုးတွေ ဝင်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရန်နဲ့ ရောဂါဖြစ်ပွားလာလျှင်လည်း အင်အားကို အမြန်ပြန်လည်ဖြည့်တင်းပြီး နေကောင်းကျန်းမာစေရေးတို့အတွက် မျှတလုံလောက်သော အစားအစာကို အပြည့်အဝစားသုံးနိုင်ရန်များစွာ လိုအပ်ကြောင်း ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်နှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခု(၂၀၂၅-၂၀၂၆)ပညာသင်နှစ်တွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို KG ကျောင်းသား၊ ကျောင်းသူစာရင်းကို အခြေခံပြီး မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ်ရှိ အခြေခံပညာကျောင်း (၂,၁၀၇) ကျောင်း၌ KG ကျောင်းသား၊ ကျောင်းသူ(၂၉,၅၀၂)ဦးအား ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ပုံငွေများကိုလည်း ခွဲဝေချထားကာ၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ