ဘားအံ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဆေးရုံအုပ်ကြီးရုံး ခန်းမ၌ Irrawaddy Green Towers ltd. မှ ကိုဗစ်ကာကွယ်ရေးပစ္စည်းမျိုးစုံကို ပေးအပ်လှူဒါန်းသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် Irrawaddy Green Towers ltd. မှ အစိုးရဆက်ဆံရေးအရာရှိ ဦးမြင့်ရှိန်နှင့် ဒေသ ဆိုင်ရာအင်ဂျင်နီယာ ဦးအောင်မိုးဟိန်း တို့က စုစုပေါင်းတန်ဖိုးငွေကျပ် သုံးဆယ်ငါးသိန်း(၃၅၀၀၀၀၀) တန်ဖိုးရှိ Exam Glove Medium (၂၀၀)ဘူး၊ Surgical Glove (၂၀၀၀) ဘူး၊ N95 Madk Green (၂၀၀)ဘူး၊ Surgical Gown (၃၁၀)ဘူး တို့အား ပေးအပ်လှူဒါန်းရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Irrawaddy Green Towers ltd. အနေဖြင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုတွင် ငွေကျပ် ၃၅ သိန်းနှင့်ညီမျှသည့် ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းများကို အလှည့်ကျလှူဒါန်းပေးလျက်ရှိပြီး ကာကွယ်ရေး နှင့်ကုသရေးပိုင်းတွင် လိုအပ်သောပစ္စည်းများကို အဓိကထား၍ တိုင်းအဆင့်၊ ပြည်နယ်အဆင့်ဆေးရုံကြီးများသို့ တိုက်ရိုက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ပြည်သူအများစုအကျိုးဖြစ်ထွန်းနိုင်မည့် လှူဒါန်းခြင်းနှင့် သင်တန်း ပေးခြင်းများကိုလည်း ဆောင်ရွက်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)