ပြည် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ လင်းလက်ကြယ်စင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပရာ အဆိုပါကျောင်းမှကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်တို့က Moderator အဖြစ်ဆောင်ရွက်ကြပြီး အဆိုပါကျောင်းမှ Grade- 11 ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်သဘာဝပတ်ဝန်းကျင”၊ “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ “လူငယ်နှင့်အားကစား” “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် တစ်ဦးချင်းအလှည့်ကျဦးဆောင်ပြောဆိုဆွေးနွေးကြသည်။
ဆက်လက်၍ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ဦးဆောင်ဆွေးနွေးချက်များအပေါ် ဒုတိယမြို့နယ်ပညာရေးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်/စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)