လွိုင်ကော် စက်တင်ဘာ ၂၃
ကယားပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက “ယခုသင်တန်းဆင်းပြီး ECCD လက်မှတ်ရဆရာမများအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များကို မှန်ကန်သောပြုစုပျိုးထောင် နည်းတို့ကို သင်ကြားရရှိထားပြီးဖြစ်ရာ မိမိတို့သက်ဆိုင်ရာနယ်ပယ်အလိုက် ပြည်နယ်အတွင်း ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်မှာဖြစ်၍ များစွာအကျိုးသက်ရောက်စေမှာဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို ပြုစုပျိုးထောင်ရာမှာ ကလေးသူငယ်များအား သင်ကြားပေးရသော မူကြိုဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆရာမတစ်ယောက်မှာ အလိုအပ်ဆုံးအရည်အချင်းသည် ကလေးဂရုစိုက်တတ်ခြင်းနှင့် ကလေးငယ်များ၏ အပြုအမူအတိုင်း နားလည်ပေး၍ လိုချင်သည့်အပြုအမူ ဖွံ့ဖြိုးမှုဆီရောက်အောင် စည်းရုံးသင်ကြားသွားရမည်ဖြစ်ကြောင်း” စသည်ဖြင့် အမှာစကားပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ထို့နောက် သင်တန်းသူများက “မင်္ဂလာပါ”သီချင်း၊ “ခြိမ့်ခြိမ့်သဲသဲ”သီချင်းနှင့် ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
သင်တန်းတွင် ဘာသာရပ်(၂၁)မျိုးအား စက်တင်ဘာလ ၁ ရက်မှ ၂၄ ရက်ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုတွတ် (ပြန်/ဆက်)