တန်ဖိုးနည်းသဘာဝမြေသြဇာအရည်နှင့် EM ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲခြင်းအားဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး သီးနှံအထွက်နှုန်းကောင်းမွန်

မြန်အောင် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိထားလုပ်ကိုင်သောဒေသတစ်ဖြစ်၍ မြို့နယ်အတွင်း လူဦးရေ ၇၀% ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး မိုးစပါး၊ နွေးပါး၊ ပဲမျိုးစုံ၊ ဆောင်းသီးနှံမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် တောင်သူများ အဓိကထားသုံးစွဲနေကြရသည်။ တောင်သူများအနေဖြင့် တန်ဖိုးနည်းသဘာဝမြေသြဇာအရည် တွဲဘက်အသုံးပြုခြင်းအားဖြင့် စိုက်ပျိုးစရိတ် သက်သာပြီး သီးနှံအထွက်နှုန်းကောင်းမွန်ကြောင်း၊ တစ်ဧကကို ဓါတ်မြေသြဇာ တစ်အိတ်ခန့် သက်သာစေပြီး ရောဂါပိုးမွှားအန္တရာယ်ကင်းနိုင်ကြောင်း သိရသည်။

“သဘာဝမြေသြဇာအရည်ဖော်စပ်ရာမှာ အဝါရောင်အသီးအနှံအနည်းဆုံး(၆)မျိုး (ပိန္ဒဲသီး၊ နာနတ် သီးအခွံ၊ ငှက်ပျောသီးအမှည့်၊ )စတဲ့အဝါရောင် အသီးအနှံ ၅ ပိသာ၊ သကြားအညို (၂) ပိသာကျို၍ ရောစပ်ပြီး သဘာဝတဆေး(၅)ခဲနှင့် ပလပ်စတစ် (၁၀)ဂါလံပုံးအတွင်း ရေအစား ဆန်ဆေးရည် ထည့်ပြီး အဖုံးဖုန်းထားရပါမည်။ (၇)ရက်ခန့်ကြာရင် အဖုံးဖွင့်၍ မွှေပေးရပါမယ်။ (၁၀) ရက်ခန့် ကြာရင် တစ်ခါအဖုံးဖွင့်ပြီးမွှေပေးရပါမယ်၊ (၂၁) ရက်ကြာရင် သဘာဝမြေသြဇာ အရည်အဖြစ် အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ယခုအခါ ငါးဖြင့်ပြုလုပ်သော သဘာဝမြေသြဇာအရည်ဖြင့်တွဲဖက်၍ နေကြာပင်၊ မြေပဲပင်များကို ဆေးဖြန်းပုံး တစ်ပုံးကို သဘာဝမြေသြဇာအရည် ၅၀ cc ထည့်ပြီး အပင် (၁၅) ရက်သားတွင် တစ်ကြိမ်၊ တစ်လသားတွင် တစ်ကြိမ်ဖြန်းပေးရပါမယ်၊ စပါးပင်ဆိုရင် ဆေးဖြန်းပုံး တစ်ပုံးကို ၁၀၀ CC (ထမင်း စားစတီးဇွန်း ၁၀ ဇွန်း) အသုံးပြုရမှာဖြစ်ပါတယ်” ကျွန်တော့်ရဲ့ ယာမြေတွေမှာ မြေပြင်တိုက်ရိုက်မြေဆွေးထည့်တဲ့ နည်းစနစ်ကို အသုံးပြုစိုက်ပျိုးပါတယ်၊ ယခုနှစ် မိုးမြေပဲ စိုက်ပျိုးရန် မြေပြင်ရာတွင် ဆောင်းမြေပဲ၊ နှမ်း၊ နေကြာသီးနှံပင်များကရရှိသော စွန့်ပစ်အမှိုက်များကို သဘာဝမြေသြဇာအရည်နဲ့ EMဘိုကာရှီ မြေဆွေးပြုလုပ်၍ ယာမြေတွင် ပြန်လည်အသုံးပြုပါတယ်၊ တန်ဖိုးနည်းသဘာဝမြေသြဇာအရည်ကို ရွက်ဖျန်းအားဆေးအဖြစ်သာမက EM ဘိုကာရှီ မြေဆွေး ပြုလုပ်ရာတွင်လည်း အသုံးပြုလို့ရပါတယ်ဟု” ကိုယ်တိုငသဘာဝမြေသြဇာအရည် ပြုလုပ်သုံးစွဲသူ ကန်ဇွန်းခုံကျေးရွာမှ တောင်သူကိုသက်ဆွေဝင်းက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်နေသော တောင်သူများအနေဖြင့် ဓါတ်မြေသြဇာ စျေးကြီးပေး၍ ဝယ်ယူအသုံးပြုနေရချိန်တွင် သဘာဝမြေသြဇာအရည်နှင့်EM ဘိုကာရှီ မြေဆွေး ကိုယ်တိုင်ပြုလုပ်၍ သီးနှံစိုက်ခင်းများတွင် အသုံးပြုခြင်းအားဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး သီးနှံအထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

 

ဝင်းဗိုလ် (ပြန်/ဆက်)