ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ)နှင့် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ထားဝယ်  စက်တင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တိုင်းဒေသကြီးတာဝန်ခံ) သည် စက်တင်ဘာ ၂၃ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ထားဝယ်လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာခန်းမ၌ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲလုပ်ငန်းများနှင့်စပ်လျဉ်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တိုင်းဒေသကြီးတာဝန်ခံ)နှင့် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွတ်သိန်းက ယခု လက်ရှိမြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသောဌာနဆိုင်ရာများဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် အားနည်းချက်၊ အားသာချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ နယ်မြေဒေသအပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည်သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် အားသားချက်၊ အားနည်းချက်အပေါ် မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးထိန်လင်းဦးက ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)