မကွေးမြို့၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား

မကွေး စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ပြီး ဒေသထွက် ကုန်ကြမ်းများအပါ် အခြေခံသည့်တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းယင်းသို့ထုတ်လုပ်ခြင်းဖြင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယခုချီးမြှင့် ပေးအပ်သည့် လုပ်ငန်းသုံးပစ္စည်းများဖြင့် သင်ကြားထားသည့် နည်းပညာများကို အသုံးချကာ ကိုယ်ပိုင်လုပ်ငန်းငယ်များ၊ အသေးစား၊ အငယ်စား လုပ်ငန်းများမှတစ်ဆင့် အလတ်စား၊ အကြီးစား အောင်မြင်ကျော်ကြားသည့် လုပ်ငန်းရှင်များဖြစ်သည်အထိ ကြိုးပမ်းကြစေလိုပါကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ထူးချွန်သင်တန်းသူ (၁၅) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၁၈)သိန်းနှင့် ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ လုပ်ငန်းသုံးပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့သည်။

မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း(၂၁)ခု ဆောင်ရွက်၍ သင်တန်းများပေးခြင်း၊ ထူးချွန်သော သက်တန်းသား/သူများ ရွေးချယ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)