အုတ်တွင်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် စက်တင်ဘာ ၂၁ ရက်နေ့ နံနက်(၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်းပါးရှင် ကျော်ကိုကိုသွေးရေးသားသည့် “စာသင်ကျောင်း၏ တန်ဖိုး” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို (စာရေးဆရာ ခင်မောင်ချို-ကညွတ်ကွင်း) က “လူ့အရင်းအမြစ်တို့ မွေးထုတ်ပေးရာဌာနတစ်ခုလည်း ဖြစ်လေသည်။ ကျောင်းတက်ချိန်မှန်ရသလို ကျောင်းဆင်းချိန်ကိုလည်း တိကျရလေသည်။ သင်ပေးချိန်ရှိသလို စစ်ဆေးချိန်လည်း ရှိလေသည်။ သင်ယူသူရှိသလို သင်ကြားပေးသူများလည်း ရှိကြရလေသည်။ ကျောင်းဖွင့်ရက်ရှိသလို ကျောင်းပိတ်ရက်လည်း ရှိလေသည်။ စည်းကမ်းကို အခြေပြုထုဆစ်တည်ထောင်ထားသော လူ့ဘောင်တစ်ရပ်သို့ ရည်ရွယ်ရင်းကြောင့် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟု အများကညီညွတ်စွာအမည်ပေးထားသော နေရာတစ်နေရာလည်း ဖြစ်လေသည်။ စာသင်ကျောင်းသည် မူးယစ်ကင်းစင်နယ်မြေလည်း ဖြစ်လေသည်။ သောက်စားပျော်ပါးမူးယစ်မှုများ ကင်းစင်အောင်လမ်းပြဆောင်ရွက်ပေးနေသည့် နယ်မြေလည်း ဖြစ်ပါသည်။ မိမိကိုယ်ကိုကောင်းအောင်၊ မိမိအတန်းကိုကောင်းအောင် ကြိုးစားရင်းဖြင့် မိမိတိုင်းပြည်အတွက်ပါ ကောင်းအောင်ကြိုးစားသွားလိုသည့် ပြည်ထောင်စုစိတ်ဓာတ်တို့ မွေးမြူပေးရာ၊ ပျိုးချပေးရာဥယျာဥ်ကြီးတစ်ခုလည်း ဖြစ်ပေသည်။ ဤဥယျာဥ်ကြီးကို ပြုစုပျိုးထောင်ပေးနေသည်ဖြစ်ခြင်းကြောင့် ကောင်းမှုမြတ်နိုးပြီး ကောင်းကျိုးကိုသာ တည်မြဲအောင် ဆောင်ကြဥ်းပေးသည့် နေရာဌာနတစ်ခုလည်း ဆိုထိုက်လှပေသည်။ အထူးသဖြင့် ဗလငါးတန်းပြည့်ဝလာစေရေးတွင် အရေးကြီးသောစာရိတ္တဗလခိုင်ကျည်အောင် ခွန်အားစိုက်၍ သင်ကြား၊ သင်ကြားမှုပြုနေရသည့် နေရာလည်း ဖြစ်ပါသည်။ ထို့ကြောင့် စာသင်ကျောင်းသည် လူ့လောကတွင် အရေးပါလှသောနေရာဖြစ်၍ တန်ဖိုးကြီးလှပါသည်” ဟု ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူတို့မှ အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)