သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး (DT) ထိုးနှံပေးလျက်ရှိ

သာပေါင်း စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိပ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ(DT)ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း(မိခင်/ကျောင်းကျန်းမာရေးအာဟာရ)နှင့် ကျန်းမာရေးဝန်ထမ်းမတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦးတို့ကို ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူ (၂၃၉) ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ‌ပေးခဲ့ပြီး မြို့နယ်အတွင်း ထိုးနှံရန်ကျန်ရှိ ကျောင်းများအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

သိန်းမြင့်မျိုးဦး (ပြန်/ဆက်)