ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် အဓိကသီးနှံမျိုးစုံကို ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ၆၁၄၅၀၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့်စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၁၀၄ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူခရိုင်အတွင်း စိုက်ပျိုးသော အဓိကသီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံနှင့်အစေ့ထုတ်ပြောင်းတို့အပြင် နှစ်ရှည်သီးနှံ၊ ဥယျာဥ်ခြံသီးနှံများ စုံလင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် အဓိကသီးနှံများအနက် စပါး ၁၈၁၅၄၉ ဧက၊ ပဲသီးနှံစုစုပေါင်း ၂၃၂၀၆၁ ဧက၊ ဆီထွက်သီးနှံပေါင်း ၅၉၈၃၄ ဧက၊ ကြံသီးနှံ ၃၂၇ ဧက၊ စားဖိုဆောင်သီးနှံ ၂၇ ဧက၊ အခြားသီးနှံပေါင်း ၁၂၇၉၉၃ ဧကနှင့် နှစ်ရှည်ပင်ပေါင်း ၃၇၈၆၀ ဧကစိုက်ပျိုး ပြီးစီးနေပြီဖြစ်သည်။

ခရိုင်အတွင်းရှိ ဒေသခံတောင်သူများသည် ရာသီအလိုက် သီးနှံစုံတို့ကိုစီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး တောင်သူများအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်း မျိုးကောင်းမျိုးသန့် မျိုးစေ့ပွားများစေရေး၊ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သီးနှံစုံအထွက်နှုန်းတိုးတက်ရေးနည်းပညာများ၊ EM ဖျော်ရည်၏ အကျိုးကျေးဇူး၊ အသုံးပြုပုံ၊ တောင်သူ များကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝပိုးသတ်ဆေး၊ အပင်အားဆေးပြုလုပ်နည်းများကိုသင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများ ဆောင်ရွက်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် အသိပညာပေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်က ပြောသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၌ သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ်၊ သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားထားမြှင့်တင်ပြီး ဒေသတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)