ကျွန်းလှ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။
ကွင်းသရုပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက် စနစ်တကျသုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ဗီယက်နမ်မြေပဲမျိုး လက်တွေ့စိုက်ပျိုးပြသကြပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၁၃၈၉၆ ဧကလျာထားပြီး စက်တင်ဘာ လဆန်းကစတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)