ဟင်္သာတ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်အသိပညာပေးဟောပြောပွဲ" နှင့် "လူငယ်စကားဝိုင်း" ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက "မြန်မာနိုင်ငံသမိုင်းကို လေ့လာခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကျောင်းသားလူငယ်များအတွက် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန်၊ အတိတ်သမိုင်းကို သင်ခန်းစာယူပြီး မျက်မှောက်ခေတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသိပညာရှင် အတတ်ပညာရှင်များဖြစ်ကြသည့် လူငယ်များ၏စွမ်းအားဖြင့် တည်ဆောက်ရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးအေးမာက "လူငယ်တွေစာဖတ်ဖို့ စာကြည့်တိုက်ကို သွားကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ကျောင်းသား/သူ (၅)ဦးက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများကို ခရိုင်ပြန်/ဆက်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ပါသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများအပြင် စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်များ၊ ဓါတ်ပုံပြပွဲများ ပြသပေးခြင်း၊ ကလေးငယ်များ မှတ်ဥာဏ်ဖွံ့ဖြိုးမှု ဂိမ်းကစားခြင်းများကို ခရိုင်ပြန်/ဆက်မှ ဝန်ထမ်းများနှင့်အတူ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် အ.ထ.က(၅)မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ဆက်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ ၂၅၀ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)