ကသာခရိုင်၌ မိုးစပါးစိုက်ဧက (၁၇၃၆၂၅) စိုက်ပျိုးရန် လျာထား

ကသာ စက်တင်ဘာ ၂၃

ကသာခရိုင်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာတွင် မိုးစပါးစိုက်ဧက (၁၇၃၆၂၅)စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ (၁၇၁၇၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မိုးစပါးစိုက်ဧကများအား ကသာခရိုင်အတွင်းဆန်၊ စပါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ အဓိကထားစိုက်ပျိုးခြင်းဖြစ်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက်လည်း ဒေသခံတောင်သူများ လိုအပ်သောစပါးမျိုးများ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေးနည်ပညာများကို ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာကသာခရိုင်အတွင်း မိုးစပါး (၁၇၃၆၂၅) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယနေ့အထိ (၁၇၁၇၃၃) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၉၈ ဒသမ ၉၁) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခင်နှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း မိုးစပါးစိုက်ဧက(၁၇၃၁၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စပါးတစ်ဧကအလိုက် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း၊ ယခုနှစ်မိုးစပါး စိုက်ရာသီတွင် အထွက်နှုန်းကောင်းမျိုးများဖြစ်သော ဆင်းဧကရီ(၃)၊ မှော်ဘီ(၂)၊ ဧရာမင်း၊ ဆင်းသုခမျိုးများအပြင် အောင်နိုင်တိုးစပါးမျိုးကိုလည်း တိုးချဲ့စပ်းသပ်စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်မိုးစပါး အထွက်နှုန်းကောင်းမွန်စေရန်အတွက် ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စပါးမျိုးသန့်မျိုးစေ့များထာတ်လုပ်ခြင်း၊ စံပြကွက်များ၊ စမ်းသက်ကွက်များ စိုက်ပျိုး၍ ဒေသခံတောင်သူများအား လက်တွေ့ပြသခြင်း၊ သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသည့်အပြင် မြေဆီလွှာတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ဆန်စားသုံးမှု ဖူလုံစေရုံသာမက အခြားဒေသများသို့လည်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်စွာ(ကသာ)