မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မအူပင် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက် (၉) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲတွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးမှ မီးဘေးအန္တရာယ်မဖြစ်ပွား မပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်နိုင်‌စေရန် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အလျှင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ အသင့်ရှိနေစေရေးအသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းအား သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲသို့ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)