ချောင်းသာမြို့တွင် ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ

ချောင်းသာ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အ.မ.က (၈)-ချောင်းသာ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဌာန ဝန်ထမ်းများမှ ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ချောင်းသာတိုက်နယ်ကျန်းမာရေးဌာန ကျန်းမာရေးမှုး-၃ ဦးထွန်းအောင်ကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားသေဆုံးမှုနှုန်းလျော့နည်းစေရေးအတွက် ချောင်းသာအခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော အသက်ငါးနှစ်ပြည့်ပြီး ခုနှစ်နှစ်မကျော်သည့် KG ကျောင်းသား၊‌ ကျောင်းသူ(၁၅၂)ဦးအား ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေး (DT)ဒုတိယအကြိမ်ထပ်ဆောင်း ကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အသက်ကိုးနှစ်ပြည့်ပြီး ဆယ်နှစ်မကျော်သော ကျောင်းသူ(၈၁)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျောင်းအခြေပြု ထိုးနှံပေးခဲ့ကြပြီး ချောင်းသာမြို့အတွင်းရှိ ထိုးနှံရန်ကျန်ရှိနေသေးသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ချောင်းသာတိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)