ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အာဟာဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများကို အာဟာရရှိသော အစားအစာများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပွင့်ဖြူမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးက မြို့နယ်အတွင်းရှိ ကလေးငယ်တိုင်း ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးစေရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများ မှီဝဲစားသုံးခြင်းဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် အကျိုးကျေးဇူးများ၊ အာဟာရဖွံ့ဖြိုးရေး၏ ကျန်းမာရေးအတွက် အရေးပါပုံအကြောင်းအရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ရန်အချက်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်အတူ KG ကျောင်းသား၊ ကျောင်းသူများကို အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် အာဟာရရှိသော ထမင်းဟင်းများ၊ စားသောက်ဖွယ်ရာ အသီးအနှံများဖြင့် ကျွေးမွေးခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် ထမင်းဟင်းများ၊ စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၀)မှ KG ကျောင်းသား၊ ကျောင်းသူ ၅၂၀ ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)